IT နဲ့ပတ်သက်တဲ့ နယ်ပယ်တော်တော်များများရောက်တာနဲ့ မထင်မှတ်ပဲအမေးခံရတာ တစ်ခုရှိသည်။
အဲ့ဒါကတော့ IT နယ်ပယ်ထဲမှာကြားဖူးနေကျ Software Engineer, Software Developer, Developer, Coder တွေကဘယ်လိုကွာတာလဲ?။
အတိအကျကြီးပြောဖို့မလွယ်ပေမယ့် အကြမ်းဖျင်းမှတ်သားလို့ရအောင် ရှင်းပြနိုင်ပါသည်။
Software Engineer
ပထမဆုံး Software Engineer အကြောင်းကိုမိတ်ဆက်ပေးပါမည်။
Software Engineer ဆိုတာ engineering principles တွေကို software development ပိုင်းမှာအသုံးချနိုင်တဲ့သူတွေကိုဆိုလိုပါသည်။
သူတို့တွေက ကြီးမားတဲ့ ရှုပ်ထွေးတဲ့ system တွေကိုရေးသားဖို့နဲ့ ထိန်သိမ်းဖို့တာဝန်ယူကြတဲ့သူတွေလည်းဖြစ်သည်။
Software Engineer တစ်ယောက်ဟာ system architecture, scalability ,integration ပိုင်းတွေကို သေချာဂရုစိုက်ရ၏။
hardware ရော software အပိုင်းပါနာလည်းနိုင်စွမ်းလည်းရှိရသည်။ Software Engineer ရဲ့တာဝန်တွေကတော့
- System တစ်ခုကို Design ချမယ်။
- Scale လုပ်လို့ရအောင်၊ Performance ကောင်းအောင် လုပ်ရမယ်။
- Code တွေ review လုပ်ရမယ်။
- လိုအပ်ရင် Code ရေးသားရမယ်။
Software Engineer တိုင်းဟာ ပညာရေးနောက်ခံကလည်း Computer Science ဒါမှမဟုတ် Engineering နယ်ပယ်ဘက်ကလာသူတွေဖြစ်ကြသည်။
Software Developer
Software Developer ကတော့ mobile application ကနေစပြီး enterprise application ထိ develop လုပ်သူတွေကိုဆိုလိုပါသည်။
သူက software engineer နဲ့ကွာတဲ့အချက်ကတော့ လိုအပ်ချက်အသီးသီးကို ရယူပြီးသူတာဝန်ယူတဲ့အပိုင်းကို ပြီးစီးအောင် ရေးသားပေးသူဖြစ်သည်။
software developer ရဲ့ တာဝန်ယူမှုဟာ software engineer တစ်ယောက်ကဲ့သို့များပြားမည်မဟုတ်ပဲ လိုအပ်ချက်အလိုက် တာဝန်ယူသူဖြစ်၏။
Software Developer ရဲ့တာဝန်တွေကတော့
- လိုအပ်တဲ့ feature အလိုက် code ရေးသားမယ်။
- test and debug လုပ်မယ်။
- တစ်ခြား designer တွေ၊ developer တွေ၊ manager တွေနဲ့ဆက်သွယ်မယ်။ အလုပ်လုပ်မယ်။
ပညာရေးကို ကြည့်မယ်ဆိုရင် Software Developer တစ်ချို့ကတော့ Computer Science နယ်ပယ်ဘက်ကဖြစ်ပြီး၊ အများစုကတော့ ကိုယ်တိုင်လေ့လာပြီး Software Developer ဖြစ်လာကြသူတွေဖြစ်ကြသည်။
Developer
Developer ဆိုတာကတော့ Code ရေးသားနိုင်သူတွေကိုပြောခြင်းဖြစ်သည်။ ရှုပ်ထွေးတဲ့ System တွေမှာပဲဖြစ်ဖြစ် သာမန် standalone application မှာပဲဖြစ်ဖြစ် code ဝင်ရောက်ရေးသားသူကိုခေါ်ကြသည်။
Software Developer နဲ့ Developer ဟာတူတူပဲလို့ပြောလို့ရ၏။ သို့သော် အများစုကတော့ Senior ကျတဲ့ Developer တွေကိုသာ Software Developer လို့ခေါ်သင့်တယ် ပြောကြသည်။
Mobile application တွေ web development ရေးသားသူတွေကို Developer ဟုအများအားဖြင့်ခေါ်သည်။
Developer တိုင်းလိုလိုသည် Computer Science နယ်ပယ်မဟုတ်တဲ့ ပညာရေးနောက်ခံကနေလာကြပြီး ကိုယ်တိုင်အသည်းအသန်ကြိုးစားကြသူများလည်းဖြစ်ကြသည်။
Coder
Coder ကတော့ရိုးရှင်းပါတယ် Software Development စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာပဲ code ရေးဖို့ပဲအားသန်တဲ့သူတွေဖြစ်သည်။
Design တွေ Architecture တွေကိုသိပ်မစဥ်းစားပဲ task တစ်ခု ပြီးအောင်၊ ပြဿနာတစ်ခုပြေလည်သွားအောင် code ရေးပြီးဖြေရှင်းကြသူများဖြစ်ကြ၏။
Coder ရဲ့တာဝန်ကတော့ သေချာတိကျတဲ့ system ရဲ့ အစိတ်အပိုင်းတွေ၊ ရှင်းလင်းတဲ့ project တစ်ခုရဲ့အစိတ်အပိုင်းတွေကို ဝင်ရောက်ရေးသားကြသည်။
Coder အများစုက ကျောင်းသား၊ ဝါသနာရှင်၊ နဲ့ software developing နယ်ပယ်ကိုစတင်ဝင်ရောက်သူ junior developer များဖြစ်သည်။
နောက်ဆုံးအနေနဲ့ Software Engineer ဆိုတာ ရှုပ်ထွေးတဲ့ system တွေ project တွေကို architecture အလိုက် design, scale လုပ်နိုင်ပြီး။
Software Developer ကတော့ application သို့မဟုတ် feature အပေါ်မှာ ပိုပြီးအာရုံစိုက်ရသူတွေပါ။
Developer ကတော့ Software Developer ကိုကူညီရေးသားပေးရပြီး ကိုယ်တိုင်လည်းရေးသားနိုင်သူ။
Coder ကတော့ Software Developing နယ်ပယ်ကိုစတင်ဝင်ရောက်သူ စသဖြင့်အကြမ်းဖျင်းသတ်မှတ်နိုင်ပါသည်။